မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို ... "သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်း" မှ နွေးထွေးစွာကြိုဆိုပါသည် ...

ကျိုးကြေသွားသော ပန်းပွင့်များရဲ့ အနာဂတ်

စစ်ပွဲတွေရဲ့ အထက်မှာရှိတဲ့ လူ့တန်ဘိုးကို
စစ်ပွဲတွေနဲ့ ဖြိုချ
စစ်ဖိနပ်အောက်မှာ နင်းချေချလိုက်တယ်။

စစ်ပွဲတွေရဲ့ အထက်မှာရှိတဲ့ လူ့အခွင့်အရေးကို
စစ်ပွဲတွေနဲ့ ဆွဲနှစ်
စစ်ဖိနပ်အောက်မှာ ချေမွှပစ်လိုက်တယ်။

လူထုတွေရဲ့ ရင်ထဲဘဝထဲပွင့်နေတဲ့
ဒီမိုကရေစီ လွတ်လပ်မှုပန်းပွင့်
စစ်ပွဲတွေရဲ့ အထက်မှာရှိနေတဲ့ ပန်းပွင့်များစွာ
သေနတ်ပြောင်းတွေရှေ့မှာ
ကြေကွဲလှစွာ သွေးပွင့်တွေဖြစ်သွား
အရိုးပုံတွေဖြစ်သွား
ကျိုးကြေမွ အရာဝတ္တုတွေ ဖြစ်သွားပေါ့။

ပြည်တွင်းစစ်ဟာ လိုအပ်ရဲ့လား
ဘယ်သူတွေအတွက် လိုအပ်တာလဲဟေ့ ….
စစ်ဗိုလ်ချုပ်တစုအတွက်
ပြည်တွင်းစစ်ဟာ အသုံးဝင်တယ် မဟုတ်လားဟေ့…..

ပြည်တွင်းစစ်က
စစ်အုပ်စုကို အလုပ်အကြွေးပြုတယ်။
ရန်သူစစ်အုပ်စုရဲ့ စီးပွားရေးလုပ်ကွက်
သော့ချက်ဖြစ်နေတာ
နှစ်ပေါင်းငါးဆယ် ကြာခဲ့ပြီမဟုတ်လားဟေ့။

စစ်အုပ်စုရဲ့ နိုင်ငံရေးဆိုတာ
ဖိနှိပ်ညှင်းပမ်းမှုတွေနဲ့ တည်ဆောက်ထားကြ
လောက ငရဲ အကျဉ်းထောင်ဖြစ်တယ်။

စစ်အုပ်စုရဲ့ နိုင်ငံရေးဆိုတာ
လူသေကောင်တွေနဲ့ ပြုလုပ်ထားတဲ့
စိတ်ခြောက်ခြားစရာ သင်္ချိုင်းကုန်းပါပဲ။

စစ်အုပ်စုရဲ့ အမျိုးသားနိုင်ငံရေးဆိုတာ
အမျိုးသားလူထုအသီးသီးရဲ့
မျက်ရည်သွေးစက် ပင်လယ်နဲ့လုပ်ထားတဲ့
ရက်စက်တဲ့ စစ်မြေပြင်သာဖြစ်တယ်။

စစ်အုပ်စုရဲ့ နိုင်ငံရေးနဲ့
စစ်အာဏာရှင်စနစ်ဆိုတာ
ရင်ချင်းဆက် အမွှာ ညီအစ်ကိုဖြစ်တယ်
သူတို့ခေတ် သူတို့စနစ် မဖျက်သိမ်းနိုင်သမျှ
ဒီမိုကရေစီ ငြိမ်းချမ်းရေးဘဝ
ဘယ်သောအခါမှမရ
လုံးဝမရရှိနိုင်။

ရန်သူစစ်အုပ်စုရဲ့
ဖိနှိပ်တဲ့ပြည်တွင်းစစ်ကို
အမျိုးသားလူထုရဲ့ ခုခံစစ်နဲ့ တားဆီးပါမှ။

သစ်တောကြီးလိုထူထဲ
ပင်လယ်သမုဒ္ဒရာလို ကျယ်ဝန်း
မုန်တိုင်းတွေလို အင်အားကြီးမား
အမျိုးသား အင်အားထုနဲ့
စစ်ကို အံတုတားဆီးနိုင်စွမ်း
အံ့မခန်းရှိတယ်။

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဟာ
အဖိနှိပ်ခံတို့ရဲ့ သွေးနှစ်စက်
ရုန်းကန် တိုက်ပွဲအတွက်
အသက်ဓါတ်ဖြစ်ဆဲ
ဖြစ်နေဆဲပဲဟေ့ ….။

ထူးတင့်
အောက်တိုဘာ ၂၁၊ ၂ဝ၁၁

No response to “ကျိုးကြေသွားသော ပန်းပွင့်များရဲ့ အနာဂတ်”