ကိုယ်ကျိုးကြည့် အဓိက အာဏာရှင်တွေမှာ
စေတနာမေတ္တာ စိတ်သုဉ်းအထပ်ထပ်
ခြောက်ကပ်နေတဲ့ရန်သူပဲ
လူတွေကို တန်ဘိုးမဲ့အောင် လုပ်ပစ်လိုက်တယ်
ချစ်ခြင်းမေတ္တာ အညှာတာ စာနာမှုအညွန့်တုံးတဲ့
ဘာတန်ဖိုးမှ မရှိတဲ့ လူအဖြစ်နဲ့ပဲ
ပြောလဲ ပြောတတ်လာတယ်
ကြံစည်တွေးတောလာတယ်
လုပ်လဲ လုပ်တတ်လာတယ်
စိတ်ဓါတ်တွေ ပျက်ဆီးသွားပေါ့။
အုပ်စိုးဖိနှိပ်သူ ရန်သူရဲ့
ကိုယ် နှုတ် နှလုံး သုံးပါးစလုံး
အမုန်းတရားတွေ ပိတ်လှောင်ဖုံး
မနာလိုဝန်တို မစ္စရိယတွေလွှမ်းဖုံး
မြင့်မြတ်စိတ်ဓါတ်တွေပျောက်ဆုံး
လူပေါင်းများစွာ …. များစွာ
အမှောင်ဖုံးနေတဲ့ ခေတ်ရဲ့တန်ဆာခံတွေဖြစ်သွား
ဖောက်ပြန်တဲ့ ဖိနှိပ်လူတန်းစားအတိုင်းဖြစ်သွား
အဲဒီ နှလုံးသားတွေ ပြန်ပြင်ဖို့
စုတ်ချာ နူနာစွဲနေတဲ့ ဘ၀တွေကို ပြောင်းလဲပစ်ဖို့
ဆေးကြောခ၀ါချဖို့
တန်ဘိုးတတ်အောင် လုပ်ဖို့ရာ
နှစ်ပေါင်းများစွာ ကုသရလိမ့်မယ်။
လူမှုစနစ်က အရုပ်ဆိုးမှတော့
လူတချို့ရဲ့စိတ်ဓါတ်
အရုပ်ဆိုး အကျဉ်းတန်ပြီပေါ့။
တိုင်းပြည်က မဖွံ့ဖြိုးမှတော့
လူများစုရဲ့စိတ်ဓါတ် နိမ့်ကျမှုတွေက
ခြောက်ကမ္ဘားထဲအထိ တိုးလို့ပေါ့။
စိတ်ဓါတ်အင်ဂျင်နီယာ
အို …. စာရေးဆရာ ကဗျာဆရာတို့
ပန်းချီပန်းပု ရုပ်ရှင်ဂီတ
အနုသုခုမသဘင်
အိုဘဲ့ …. အနုပညာရှင်အပေါင်းတို့
သူတို့ရဲ့ ရင်ထဲက
အကျဉ်းတန်လှတဲ့ အမှောင်ထု အညစ်အကြေး
နှုတ်သိမ့်လှဲကျင်းဆေးကြောပေးကြ
အလှဆင်ယင် အလင်းစိတ်ဓါတ်
တည်ဆောက်ပေးကြ
စနစ်ဟောင်းကို ဖျက်သိမ်းပါမှ
ငါတို့ကိုယ်တိုင် အလင်းတွေဖြစ်မှ
ငါတို့ ၀န်တာကြီးလေစွ
ထမ်းကိုထမ်းမှ ဖြစ်မယ်ပ။
ထူးတင့်
အောက်တိုဘာ ၁၈၊ ၂၀၁၁

















No response to “ယဉ်ကျေးမှု လုပ်သားများသို့ ပန်ကြားချက်”
Post a Comment