မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို ... "သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်း" မှ နွေးထွေးစွာကြိုဆိုပါသည် ...

မြေဇာပင်တို့  ငိုညီးသံ

မင်းတာရာ

ဘီလူးရုပ်နဲ့  ဇော်က ကနေကြ
ကြိုးဆွဲသူက ပေါရိသာရ
သောင်းသောင်းဖျဖျ ဇာတ်ပို့ ဇာတ်ရံ
ဟန်ပန်တွေက လှမှလှ
ဆင်းရဲမွဲတေမှုတွေ လက်ကုန်လင်းလက်
ဒုက္ခတွင်းတွေဆို နက်မှနက် ။

စပါးတွေတောင်လိုပုံဖို့ မရည်ရွယ်
ကလေးငယ် စောင်ခြုံရဖို့ 
ဝမ်း စပါးအပြင် အပိုလေးတော့ထွက်စေချင်
ဒါပေမယ့်
စပ္ပါယ်ရှယ်လောကဓံက
စစ်ပွဲအသွင်ဟန် သရုပ်ဆောင်
စစ်ရဲ့ တွန်းအားတွေနဲ့  သောကလှိုင်းလုံး
စစ်ဘေးဒုက္ခသည်က စစ်ပြေးဒုက္ခနဲ့ 
မျက်နာချင်းဆိုင် ယှဉ်ပြိုင်နေရတဲ့ ကြား
ရွာခွေး ဟောင်သံကြားတော့
“လိုင်ဇာ”ဆီ
နောက်ကျတဲ့ ဖနှောင့် သစ္စာဖေါက်စွပ်စွဲမှုနဲ့ 
မီးကုန် ရမ်းကုန် ခြေကုန် လက်ပန်းကျ ပြေးခဲ့ရ။

လူကပြေး အတွေးကဆွေး
လွှတ်တော်မှာ တို့ အော်မှာ
ငြိမ်းချမ်းရေးနိမိတ် သေနတ်သံတိတ်ဖို့ 
ခုတော့
ကရင်ပြည်နယ်က မစဲတဲ့သေနတ်သံကြား
ကချင်ပြည်နယ်က မြက်ခင်းစိမ်းတို့ 
သွေးစုံရဲရဲတွေနဲ့  လွှမ်းခြုံခံလိုက်ရ ။

မြန်မာပြည်အတွက် ဂန္ထ၀င်မြောက်
သံလွင်
ဧရာဝတီ
ချင်းတွင်း
တိုင်းရင်း သွေးတွေနဲ့ ချင်းချင်းနီ
အနာဂတ်မဲ့မဲ့ ကလေးငယ်တွေရဲ့  မျက်ရည်
အားကိုးရာမဲ့ မုဆိုးမတွေရဲ့  မျက်ရည်
အဖေါ်မဲ့ခဲ့ မုဆိုးဖိုတို့ ရဲ့  မျက်ရည်
စုတ်ပြတ်ပွန်းကြေ ကိုယ်အဂါင်္တွေပဲ့ရွဲ့ သူတို့ ရဲ့  မျက်ရည်
အလီလီ အကြိမ်ကြိမ်
သွေးနဲ့ မျက်ရည် ရောနှောညီလို့ 
ပန်းရောင်သွေးမြစ်တွေ သမုဒ္ဒရာဆီသို့  ။

လူသားကမ္ဘာနဲ့ အနီးဆုံးကြယ် Alpha Centauri
ငါ တို့ နဲ့ အနီးဆုံးဒုက္ခ က စစ်ဘေးဖြစ်စစ်ပြေးဘ၀..။

ပခုံးပေါ်မှာ လူမမယ်ကလေး
ဘေးလွယ်ပလှိုင်းထဲ ဆန်တချို့ နဲ့ ရိက္ခာတွေ
နွေခေါင်ခေါင် မိုးမှောင်မှောင်
ခွေးဟောင်သံကြားတိုင်း မာရသွန်ပြေးရ
ရွာပြေး ရွာရှောင် ငါတို့ ဘ၀ . .။

အမျက်ဖြေငြိမ်းချမ်းရေးတေး ဆိုရင်း
လက်တွင်းမှာတော့
သေစေ ဘရင်းဂန်းနဲ့ ခဲယမ်း
ပြဒါးတလမ်း သံတလမ်း
ပြည်တွင်းစစ်နဲ့  စစ်ပွဲမှန်သမျှ
ရပ်တန်းက ရပ်ဖို့ သင့်ပြီ။

ကျူးကျော်တဲ့ စစ်
ခုခံတဲ့ စစ်
အာဏာရှင်ဖန် တီးတဲ့ စစ်
အာဏာရှင်ကို တော်လှန်တဲ့ စစ်
စစ်ဖြစ်တဲ့ပွဲ
စစ်ပွဲတွေ
ဘယ်လိုစွဲလို့  အမည်တပ်တပ်
လူ အချင်းချင်းသတ်တဲ့ပွဲ..ပါပဲ။

ထေရ၀ါဒ
ကမ္ဘာမှာ အာရှ
အာရှမှာ မြန်မာ
ကြွေးကြော်စရာ ဂုဏ်မဟာတွေနဲ့ 
ရဟန်းသံဃာ သတ်တဲ့အစိုးရနဲ့ မို့ 
မျက်ရည်စို့ စို့  ဂရုဏာတွေနဲ့ မေတ္တာပို့ ပါတယ်
သူတို့ တွေ ယောရုဝရောက်ပါစေ။

မင်းတာရာ
၂၂၊ ၆၊ ၂၀၁၁

No response to “မြေဇာပင်တို့  ငိုညီးသံ”