မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို ... "သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်း" မှ နွေးထွေးစွာကြိုဆိုပါသည် ...

ဗမာပြည်နိုင်ငံရေးလောကမှာ ဖန်တို့တမ်းကစားခြင်း

ငယ်ငယ်တုန်းကဖန်တို့တမ်းကစားကြတာကိုမှတ်မိကြမယ်ထင်ပါတယ်။ ကိုယ့်ဘက်ကနေ တဘက်နယ်မြေထဲစွန့် ၀င်ပြီး တဘက်ကလူကို ခေါင်းတချက်ပုတ်၊ ပုခုံးတချက်တို့ပြီး ကိုယ့်ဘက်ထဲပြန်ပြေးလာကြတာပါ။ တဘက်ကလည်း ၀င် လာမယ့်လူကို ၀င်လာချင်အောင် နောက်ဆုတ်ပေးဟန်ပြ၊ နေရာကွက်လပ်ဖန်တီးပေး၊ မြှူခေါ်ပြီးခေါင်းတချက်ပြန်ပုတ်လို့ ရအောင်ကြိုးစားကြပါတယ်။

တနေ့ကပဲ အမေရိကန်ဆီနိတ်တာမက်ကိန်းဟာ ကြံ့ဖွတ်အရပ်ဝတ်စစ်အစိုးရကို ခေါင်းတချက်ပုတ်ပြီး သူ့နယ် ထဲကိုပြန်ဝင်သွားပါပြီ။ နောက်ပြီး ကြပ်ပြေးမှာရောရန်ကုန်မှာပါ လူတွေ၊ အဖွဲ့အစည်းတွေ တော်တော်များများကို ခေါင်းပုတ်၊ ပုခုံးတို့သွားပါတယ်။ ဒီဘက်ကပြန်ပုတ်ဖို့ကြိုးစားကြတာတွေလည်းတွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်ပုတ်ချက် တွေကထိရောက်တယ် ဆိုတာကတော့ စောင့်ကြည့်ရမလိုဖြစ်နေပါတယ်။ ထူးခြားတာက ပြည်တွင်းကတချို့လူတွေဟာ မက်ကိန်းလာတဲ့အခါမှာ မက်ကိန်းကိုမပုတ်ပဲ ကြံ့ဖွတ်အစိုးရကိုလှမ်းပုတ်တာတွေ့ရပါတယ်။ ဥပမာ သူတို့ဟာ မက်ကိန်းနဲ့တွေ့ဆုံစကားပြောရာမှာ ဆိုင်ရှင်ခေါ် ပိတ်ဆို့မှုတွေဖွင့်ပေးရေးပြောတာပါ။ သူတို့ဟာ မက်ကိန်းကို သိစေချင်တာထက် အရပ်ဝတ်စစ်အစိုးရကို သူတို့အစိုးရဘက်မှာရှိကြောင်း သိစေချင်တာကပိုများနေတယ်ဆိုတာ ထင်ရှားနေပါတယ်။

ဗမာပြည်နဲ့အမေရိကန်တို့ရဲ့ လက်ရှိဆက်ဆံရေးအခြေအနေမှာ ဖန်တို့သလိုအကဲစမ်းတာတွေ၊ ဘယ်ခြောက်ကာ ခြေလှမ်းတာတွေလုပ်နေကြရဦးမယ်ထင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသယောင်ယောင်လုပ်တာ၊ နဂိုကကိုယ့်နိုင်ငံအတွင်းဝင်ခွင့်မပေးတဲ့ နအဖရဲ့နောက်လိုက် ခရိုနီသူဌေးတွေရဲ့ ဆွေမျိုးတချို့ကိုလာပြီးဆေးကုသခွင့် ပေးတာ စတာတွေဟာ တဘက်ကမြှူပြီးတဘက်က ပုတ်တာ တို့တာတွေကို နှစ်ဘက်စလုံးကဖော်ပြနေတာဖြစ်ပါတယ်။ အခုအထိတော့ နှစ်နိုင်ငံရဲ့သံတမာန်ရေးလှုပ်ရှားမှုတွေဟာ ဟန်ရေးပြတဲ့လက္ခဏာပိုဆောင်နေပါသေးတယ်။

ဒါပေမဲ့ ဖန်တို့တမ်းကစားတာနဲ့ မတူတဲ့အချက်က ဖန်တို့တမ်းဟာ နှစ်ဘက်၊ နှစ်ဖွဲ့အကြားကစားတာဖြစ်ပြီး ဆီနိတ် တာမက်ကိန်းရဲ့ခရီးလိုဟာကတော့ တခြားအဖွဲ့တွေကိုပါထည့်တွက်ရတယ်ဆိုတာပါပဲ။ ၀ါရှင်တန်ရော ကြပ်ပြေးပါ ဒီပွဲမှာ တဘက်သားကိုအကဲစမ်းတာလုပ်ရင်း တရုတ်နဲ့အိန္ဒိယအပါ အိမ်နီးနားချင်းနိုင်ငံတွေက ဘယ်လိုသဘောထားဖော်ပြမလဲ ဆိုတာကိုလည်း မပြတ်အကဲခတ်နေရပါတယ်။ အခုလောက်နဲ့တော့ တခြားတတိယနိုင်ငံတခုက အသံထွက်လာနိုင်စရာ မရှိသေးပါဘူး။ ဒါပေမဲ့ ဒီနေ့လိုအာရှတိုက်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာ တင်းမာမှုတွေစမြင်ရနေချိန်မှာ ဒီခရီးစဉ်ကိုဥပက္ခာပြု ထားကြလိမ့်မယ်လို့ယူဆရင် ညံ့လွန်းရာကျပါမယ်။

ကြံ့ဖွတ်အစိုးရဆိုတာပေါ်လာတာနဲ့တပြိုင်နက် ဒီဦး/ဗိုလ်ချုပ်တွေလုပ်တဲ့ ပထမဆုံးနိုင်ငံခြားရေးခြေလှမ်းဟာ အမေ ရိကန်နဲ့တရုတ်အကြားမှာ ကစားဖို့လုံးပမ်းတာပဲဆိုတာသတိထားသင့်ပါတယ်။ ဒါဟာမဆလအစိုးရကစလို့ န၀တ-နအဖ အလယ် ဒီနေ့အထိဗမာပြည်မှာတည်ရှိခဲ့တဲ့ စစ်အစိုးရအဆက်ဆက် အလူးအလဲလုံးပမ်းကြတဲ့ အစဉ်အလာ သံတမာန်ရေး လုပ်ငန်းလို တရပ်ဖြစ်နေပါတယ်။ သာမန်နိုင်ငံတခုဆိုရင် ဒါဟာဘာမှပြောစရာမရှိပါဘူး။ အရင်ကလည်း ဘက်မလိုက်လှုပ်ရှားမှု၊ တတိယ ကမ္ဘာလှုပ်ရှားမှုဆိုတာတွေရှိခဲ့တာပါပဲ။ ဒါပေမဲ့ပြဿနာက အခုအခါမှာ ဒိပြင်နိုင်ငံတွေက ကျနော်ဟာဘက်မလိုက် နိုင်ငံပါခင်ဗျဆိုပြီး လှုပ်ရှားပြ၊ ထောက်ခံမှုရှာတာတွေလုပ်တာ မတွေ့ရပဲ ကြံ့ဖွတ်အစိုးရကမှ ဒီလိုလုပ်နေတာဟာ ဘာကြောင့်လဲလို့မေးစရာရှိနေပါတယ်။ တခြားလူတွေအနေနဲ့ ကိုယ့်ရပ်တည်မှုကိုနိုင်ငံတကာ အလယ်မှာ တကြိမ်၊ နှစ်ကြိမ်ဖော်ပြလိုက်ရင် ကိစ္စအေးသွားပေမဲ့ ဗမာပြည်ကစစ်အစိုးရတွေမတော့ လှေနံနှစ်ဘက်ကို ခက်ခက်ခဲခဲနင်းနေရသလို ဟန်ချက်ကိုရှာလို့မရဘူးဖြစ်နေပါတယ်။ ဒါမျိုးဆိုတာက တခါဟန်ချက်ပျက်သွားရင် ဟန်ချက်ကိုပြန်ထိန်းဖို့ခက် တတ်သလို ကိုယ်ကိုယ်တိုင်ကလည်း တည်တည်ငြိမ်ငြိမ်ဖြစ်လို့လိုပါတယ်။ ဗမာပြည်လို ပြည်တွင်းတည်ငြိမ်မှုမရှိတဲ့နိုင်ငံ၊ လှေနံတွေအများကြီးနင်းချင်တဲ့ အစိုးရ၊ လှေကြီးပေါ်လှေငယ်တင်သလို အတုအယောင် အစိုးရတွေ ဆင့်ထားချင်တဲ့ အစိုးရတရပ်အနေနဲ့ တည်ငြိမ်တဲ့ဟန်ချက်တခုမရနိုင်တာ မဆန်းပါဘူး။ သူတို့လုပ်တာတွေ အတွက်သူတို့ခံနေရတာပါ။

ပိုဆိုးတဲ့အကြောင်းရင်းတခုက ကြံ့ဖွတ်အစိုးရအနေနဲ့ အခုလိုအသိအမှတ်ပြုမှုတွေရှာနေတာဟာ ပြည်သူလူထု အကျိုးအတွက်မဟုတ်ပဲ အာဏာရစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့နောက်လိုက်ခရိုနီသူဌေးတွေရဲ့ အကျိုးအတွက်မလည်ရှုပ် လုပ်နေ ဖြစ်တယ်ဆိုတာပါပဲ။ နိုင်ငံကြီးတွေအကြားမှာ ကိုယ့်သိက္ခာနဲ့ကိုယ်တည်တည်ငြိမ်ငြိမ်ရပ်တည်နေတယ်ဆိုရင် ပြည်သူ လူထုကိုမထိခိုက်ပါဘူး။ ဒါပေမဲ့ ကိုယ့်အကြံအစည်နဲ့ကိုယ် နိုင်ငံကြီးတွေအကြားမှာ မဖြစ်ညစ်ကျယ်ကစားတယ် ဆိုရင်တော့ ကြားညပ်ပြီးတိုင်းပြည်နာတတ်ပါတယ်။

တကယ်ကျတော့ ဒီနေ့ ဗမာပြည်နဲ့အနီးဆုံးဖြစ်တဲ့ တောင်အာရှတိုက်နဲ့အာရှတိုက်အရှေ့ပိုင်းတို့မှာ မငြိမ်မသက် ဖြစ်မှုတွေ၊ တင်းမားမှုတွေ မြင်တွေ့နေရပါတယ်။ ဘင်လာဒင်အသတ်ခံရပြီးတဲ့နောက်မှာ တာလီဘန်များရဲ့လက်စား ချေရေးလှုပ်ရှား မှုတွေတိုးများလာရုံမက ပါကစ္စတန်နဲ့အမေရိကန်တို့အကြားဆက်ဆံရေး တင်းမာလာပါတယ်။ ဒါနဲ့ တဆက်ထဲ အိန္ဒိယ၊ တရုတ်တို့ကလည်း ဒီခြေအနေကိုအာရုံစိုက်ပြင်ဆင်လာနေကြပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားပြဿနာဟာ လိုဏ်ခေါင်းအဆုံးက အလင်းရောင်လေးကိုတောင် မမြင်ရသေးတဲ့အပြင် ဂျပန်မှာငလျင်နဲ့ ဆူနာမီဝင်ဆောင့်လိုက်တော့ ကိစ္စတွေကပိုရှုပ်ကုန်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ ပင်လယ်ထဲကကျွန်းလေးတွေ အတွက် ပတ်ဝန်းကျင်ကနိုင်ငံတွေအကြားမှာ တင်းမာမှုတွေပေါ်လာနေချိန်မှာ အမေရိကန်က အဲဒီဒေသမှာရှိတဲ့ သူ့ရေတပ်ကို အားဖြည့်မယ်လို့ကြေညာခဲ့ပါတယ်။ ဒါ့အပြင်ဗမာနိုင်ငံနဲ့အနီးဆုံးဖြစ်တဲ့ ထိုင်းနဲ့ကမ္ဗောဒီးယားတို့အကြားက စစ်ပွဲဟာ ပတ်ဝန်းကျင်ကိုပျံ့နှံ့လာစရာမရှိဘူးဆိုပေမဲ့ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကိုပျက်စီးစေတာတော့ အမှန် ပါပဲ။

ဒီလိုအချိန်မှာ ဗိုလ်ချုပ်သိန်းစိန်ရဲ့အရပ်သားအစိုးရဟာ နိုင်ငံတကာသံတမာန်ရေးရာမှာ အစွမ်းတွေပြဖို့လုပ်နေ ပါတယ်။ သူတို့ရဲ့ဖွဲ့စည်းပုံဥပဒေတို့ ရွေးကောက်ပွဲတို့၊ လွတ်ငြိမ်းချမ်းသာခွင့်”တို့ဆိုတာတွေဟာ သူတို့ကိုမျက်နှာလို အားရလုပ်နေသူတွေကိုသာ လှည့်စားလို့ရပေမဲ့ နိုင်ငံတကာကိုမလှည့်စားနိုင်ပါဘူး။ ဆီနိတ်တာမက်ကိန်းလိုလူကိုက ဒါလောက်နဲ့ သူတို့ပြောင်းနေတဲ့ အပြောင်းအလဲတို့၊ ဒီမိုကရေစီလမ်းကြောင်းတို့ဆိုတာတွေကိုလက်ခံမတဲ့လား။ ဒီခရီးစဉ်ကိုပြန်ချုပ်လိုက်ရင် အသစ်စက်စက်ကြံ့ဖွတ်သမတခမျာ “”အရှေ့အလယ်ပိုင်း မှာလို တော်လှန်ရေးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပညာပေးခံရတာပဲ အမြတ်ရလိုက်ပါတယ်။ ဖန်တို့ပွဲမှာ သူ့ကိုရှေ့နေလိုက်ပေးကြတဲ့ နိုင်ငံရေး သမားတွေကတော့ ဖားခွင့်အမြတ်ရလိုက်ကြပါတယ်။

ပြည်သူလူထုကြီးအဖို့ကတော့ အပြောင်းအလဲဟာ ပြည်တွင်းကအဓိကဖြစ်ရမယ်ဆိုတဲ့ အယူအဆပိုခိုင်မြဲသွား ရပါတယ်။

ရဲဘော်ဖိုးသံချောင်း

No response to “ဗမာပြည်နိုင်ငံရေးလောကမှာ ဖန်တို့တမ်းကစားခြင်း”